တစ်ပါးတည်းလည်။
စိတ်သည် အလွန် အဖြစ်အပျက်မြန်၏။လက်ဖျစ်တစ်ချက် တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။ ထိုမျှလောက် အဖြစ်အပျက်မြန်သည့် အတွက် စိတ် ၂မျိုး ၃မျိုး တစ်ပြိုင်နက်ဖြစ်၍ အာရုံ ၂ ခုမှ ၃ ခုကို တစ်ခါတည်းယူနိုင်သည်ဟု ထင်ရလေသည်။ စင်စစ်မှာ ၂စိတ် ၃စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ တစ်စိတ် ပြီးမှ တစ်စိတ် ဖြစ်၍ အာရုံ တစ်ခုကို ယူပြီးမှ အခြားအာရုံတစ်ခုကို ဆက်၍ယူရသည်။ မွှေးကြိုင်စွာ ပန်းနံ့သာခြယ်သ ထားသော ဖဲမွေ့ယာပေါ်မှာ ထိုင်လျက် ချိုချဉ်စားရင်း က၍ သီဆိုနေသူကိုကြည့် နားထောင်ရာ ၌ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အာရုံ ၅ မျိုးလုံးပင် အနီးအပါးတွင် ရှိ၏ ထိုအခါ စိတ်သည် ထိုအာရုံ ၅ မျိုးလုံးကို တစ်ပြိုင်နက် မသိ မိမိအနှစ်သက်ဆုံး အာရုံ တစ်ခုခု ကို စိတ်တစ်မျိုးဖြင့် ရျေးဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တစ်ခုပြီးတစ်ခု ဆက်၍ ဆက်၍ သိသည်။ ဤ သို့လျှင် စိတ်သည် ၂ပါး ၃ပါး ( အများအပြား) ပြိုင်၍ ဖြစ်ရိုးမရှိ တစ်ခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “ တစ်ပါးတည်းလည် ” ဟု ဆိုရပေသည်။
ဆက်ဦးအံ့ “လည်” ဟု ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ် အ ဝေးအာရုံကို ယူနိုင်သောကြောင့် “ လည်= လှည့်လည် ” ဟု ဆိုရပေသည်။ အာရုံတစ်ခုကို စိတ်က ယူရာ ၌ လည်း ထိုအာရုံကို စိတ်တစ်စိတ်တည်းက အပြီး အစိး သိအောင် မယူနိုင် အာရုံတစ်ခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာဆက်ကာ ဖြစ်ရသည် ထိုသို့ ဆက်၍ ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တစ်ချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူအပေါင်းတို့က မြင် -မြင်ချင်း ကြား- ကြားချင်း မွှေး- မွှေးချင်း ထိ - ထိ ချင်း သိသည်ဟု မှတ်ထင်ကြသည်။
No comments:
Post a Comment